ပုလဲအမျိုးအစားများ
ပုလဲသည် ပင်လယ်အတွင်း နေထိုင်သော ကမာ(သို့)မုတ်ကောင်၏ ကိုယ်တွင်းမှ ရရှိသော အရာဖြစ်သည်။ တွင်းထွက် ကျောက်မျက် မဟုတ်ပေ။ ပုလဲကို မြန်မာလူမျိုးတို့က န၀ရတ်ကိုးပါး တွင် ပါ၀င်သော ရတနာတစ်ပါး အဖြစ် အမြတ်တနိုး တန်ဖိုးထား ၀တ်ဆင်ကြ ပါသည်။ န၀ရတ် ကိုးပါးစလုံးတွင် တစ်ခုခြင်း၌ ထူးခြားသည့် တန်ခိုး အာနိသင် ရှိကြ သည့်အနက် ပုလဲ၏ အာနိသင်မှာ ကျက်သရေ မင်္ဂလာ ရှိခြင်းပင် ဖြစ်သည်။ ပုလဲ၏ အားသာချက်မှာ ကျောက်မျက်များ ကဲ့သို့ ခွဲဖြတ်ခြင်း၊ သွေးယူခြင်းတို့ ဆောင်ရွက်ရန် မလိုပဲ ပုလဲ ဖော်ယူ ပြီးလျှင် ပြီးခြင်းပင် လှပနှစ်လို ဖွယ်ရာ တွေ့မြင်ရခြင်းပင် ဖြစ်ပါသည်။ ပုလဲတွင် သဘာဝပုလဲနှင့် မွေးပုလဲဟူ၍ နှစ်မျိုးရှိသည်။ မြိတ်ကျွန်းစုတွင် နေထိုင်ကြသော ဆလုံတိုင်းရင်းသားများသည် ပုလဲ ငုပ်၍ အသက်မွေးကြသည်။
ပုလဲအမျိုးအစားများ
ပုလဲသည် ခရုကမာကောင် (Mollusks) မျိုးနွယ်များမှ ထွက်ရှိ ထုတ်လုပ်ပါသည်။ အခွံနှစ်ခုပါသော ခရုကမာ ကောင် အမျိုးပေါင်း ၈၀၀၀ ခန့်ရှိသည့် အနက် အမျိုး (၂၀)ခန့်သာ ပုလဲထွက်ရှိပါသည်။ ရေချိုတွင် ရှင်သန်ပြီး ပုလဲ ထုတ်လုပ်နိုင်သည့် ခရုကမာမျိုးကို ဂုံးကောင် (Mussel) ဟု ခေါ်ပါသည်။ ရေငန်တွင် ရှင်သန် ပေါက်ဖွားပြီး ပုလဲ ထုတ်လုပ် နိုင်သည့် ခရုကမာ ကောင်မျိုးကိုမူ မုတ်ကောင် (Oyster) ဟု ခေါ်ပါသည်။
ဂုံးကောင် ( Mussel )
မုတ်ကောင် ( Oyster )
ရေငန်ပုလဲ (၃)မျိုးရှိသည့် အနက် ဂျပန်ပုလဲဟု ခေါ်သည့် အကိုယာပုလဲ Akoya Pearl များကို Pinctada Fucata မုတ်ကောင်မှ မွေးမြူထုတ်လုပ်ပြီး ဂျပန်တွင် အများဆုံး ထုတ်လုပ်ကာ ပုလဲနက်ဟု လူသိများသော Tahitian Pearl များကို Pinctada Margaritafera မုတ်ကောင်မှ ထုတ်လုပ်ပြီး တဟေတီ နိုင်ငံတွင် အများဆုံး ထုတ်လုပ်ပါသည်။
ရေငန်ပုလဲ အမျိုးအစားများ ဖြစ်သည့် တောင်ပင်လယ်ပုလဲ South Sea Pearl များကို Pinctada Maxima မုတ်ကောင်များမှ မွေးမြူထုတ်လုပ်ပြီး သြစတေးလျ နိုင်ငံတွင် အများဆုံး ထုတ်လုပ်ပါသည်။ ယင်းမုတ်ကောင် မျိုးသည် တောင်ပင်လယ်ဟု ခေါ်သည့် အရှေ့တောင် အာရှ၏ တောင်ဘက် ကမ်းခြေနှင့် သြစတြေးလျ တိုက်၏ မြောက်ဘက် ကမ်းခြေ အကြား ရေပြင်တွင်သာ ရှင်သန် ပေါက်ဖွားပါသည်။ ထို့ကြောင့် တောင်ပင်လယ် ပုလဲကို သြစတေးလျ နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် မြန်မာနိုင်ငံ တို့တွင်သာ မွေးမြူ ထုတ်လုပ် ထွက်ရှိပါသည်။
ပုလဲဖြစ်ပေါ်ပုံ
ပုလဲသည့် မုတ်ကောင်၏ ခန္ဓာကိုယ်အတွင်းတွင် ဖြစ်ပေါ်ပြီး ပုလဲသားအလွှာ layers of Nacre များဖြင့် ဖွဲ့စည်း ထားပါသည်။ ပုလဲသားမှာ ကယ်လ်စီယမ် ကာဘွန်နိတ် ၉၃% နှင့် ကျန် ၇% မှာ သြော်ဂဲနစ် ဒြပ်ပေါင်းနှင့် ရေများ ပါ၀င်ဖွဲ့စည်း ထားခြင်း ဖြစ်ပါသည်။ ပုလဲသား တစ်လွှာလျှင် ၀.၀၀၀၀၅ မီလီမီတာ အထူ ရှိပါသည်။ မွေးပုလဲတစ်လုံးတွင် ပုလဲသား အလွှာပေါင်း (၁၀၀၀) ထက်မနည်း ရှိပါသည်။ မုတ်ကောင်များသည် တစ်ရက်လျှင် ပုလဲသား အလွှာ (၃)လွှာမှ (၇)လွှာအထိ ဖုံးအုပ်လေ့ရှိပါသည်။
မွေးပုလဲ
မွေးပုလဲဆိုသည်မှာ သဘာ၀ပုလဲ ဖြစ်ပေါ်မှု ဖြစ်စဉ်ကို လူတို့က ပြုပြင် ဖန်တီးထားခြင်း ဖြစ်ပါသည်။ ပုလဲသား၏ သိပ်သည်းခြင်းနှင့် တူညီသော ၀တ်ဆံလုံး ( Nucleus ) ကို ဆက်သားစ ( Mantle ) နှင့် အတူ မုတ်ကောင်၏ ခန္ဓာကိုယ် အတွင်းသို့ ထည့်သွင်းပေးခြင်း ဖြစ်ပါသည်။ ထိုသို့ ထည့်သွင်းရာတွင် ၀တ်ဆုံလုံး အလွယ်တကူ ပြန်ထွက် မသွားစေရန်နှင့် လုံး၀န်းကြီးမှားသော ပုလဲ ရရှိစေရန် အတွက် မုတ်ကောင်၏ ခန္ဓာ ကိုယ်အား ခွဲစိတ်၍ သတ်မှတ်နေရာသို့ ရောက်ရှိအောင် ကျွမ်းကျင်သူများမှ ၀တ်ဆံ သွင်းယူရခြင်း ဖြစ်သည်။ မွေးပုလဲ တစ်လုံးတွင် ပုလဲသား၏ အထူမှာ (၀.၄) မီလီမီတာမှ (၄.၀) မီလီမီတာ အထိ ရှိနိုင်ပါသည်။ ပုလဲ၏ သိပ်သည်းခြင်း Density မှာ (၂.၆ မှ ၃.၀ ) အတွင်း ရှိပြီး မာကြောမှု Hardness မှာ Mohs Scale အရ (၃.၅) ရှိပါသည်။
ပထမဆုံးသော မွေးပုလဲကို ဂျပန်လူမျိုး မီကီမိုတို ဆိုသူက ၁၈၉၈ ခုနှစ်တွင် စတင် ဖော်ယူနိုင်ခဲ့ပြီး ဂျပန်ဘုရင် အား ဆက်သနိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံ မြိတ်ကျွန်းစုတွင် မွေးပုလဲ ထုတ်လုပ်မှု လုပ်ငန်းကို ဂျပန်ကုမ္ပဏီ တစ်ခု ဖြစ်သော South Sea Pearl Company နှင့် မြန်မာနိုင်ငံမှ ကော့သောင်း ကုန်သွယ်မှု အသင်းတို့ ပူးပေါင်းကာ ၁၉၅၄ ခုနှစ်တွင် မြန်မာနိုင်ငံမှ ပထမဆုံး မွေးပုလဲများ ထွက်ရှိခဲ့ ပါသည်။
ပုလဲထိန်းသိမ်းရန်
န၀ရတ်ကိုးပါးတွင် ပါ၀င်သော ရတနာများ၌ စိန်၏ မာကြောမှုမှာ(၁၀) ဖြစ်၍ အမြင့်ဆုံးဖြစ်ပြီး ပုလဲ၏ မာကြောမှုမှာ အနိမ့်ဆုံး ဖြစ်ခြင်း တို့ကြောင့် စနစ်တကျ ထိန်းသိမ်း သုံးစွဲရန် လိုအပ်ပါသည်။ ပုလဲအား အခြား သော လက်၀တ်ရတနာ များနှင့်အတူ သိမ်းဆည်းခြင်းမှ ရှောင်ကြဉ်သင့်ပါသည်။ ရေနွေးဖြင့် ဆေးကြောခြင် မပြုလုပ်ရပါ။ နူးညံ့ပြီး စိုစွတ်သော အ၀တ်ဖြင့် အသာအယာ ပွတ်၍ သန့်ရှင်းရေးကို ပုံမှန် ပြုလုပ် ပေးသင့် ပါသည်။
မြန်မာ့ပုလဲ လုပ်ငန်း၏ အဓိက ပုလဲမွေးမြူနေသော ကျွန်းစခန်း များမှာ –
ဒိုမယ်လ်ကျွန်း – ပုလဲကျွန်း ၊ ဘုတ်ပြင်းမြို့နယ်
မလိကျွန်း – ပုလောမြို့နယ်
ရွှေကျွန်းကြီး – ကော့သောင်းမြို့နယ်
တို့ ဖြစ်ပါသည်။
ဖော်ပြပါ ပုလဲလုပ်ငန်းများ၏ ပုလဲမွေးမြူသော စခန်းများတွင် မြန်မာ့ ပညာရှင်များက ထုတ်လုပ် မွေးမြူလျက် ရှိသော တောင်ပင်လယ် ပုလဲများသည် ကမ္ဘာ့ပုလဲ ဈေးကွက်တွင် လူကြိုက်များသော ပုလဲများ ဖြစ်ပါသည်။ အရည်အသွေး ကောင်းမွန်ရုံ သာမက ရေရှည်ခိုင်မာသည့်အတွက် လူကြိုက်များပြီး တန်ဖိုး အမြင့်မားဆုံး ပုလဲများ ဖြစ်ပါသည်။
ပုလဲတစ်လုံး၏ တန်ဖိုးကို ဖြစ်စေသော အချက်များ
ပုလဲတစ်လုံးအား တန်ဖိုး သတ်မှတ်ရာတွင် အောက်ဖော်ပြပါ အချက် (၇)ချက် ပေါ်တွင် အခြေခံ၍ ဆုံးဖြတ် ရပါသည်။
၁။ ပွင့်ရည် (အရည်အသွေး ) LUSTRE ။ ပြင်ပမှ အလင်းရောင်သည် ပုလဲသား အလွှာပါးလေးများ အတွင်းသို့ ထိုးဖောက် ၀င်ရောက် ရိုက်ခတ်၍ အလင်းပြန်ခြင်း ဖြင့် ပုလဲ တစ်လုံး၏ တောက်ပမှု အလင်း ဖြစ်ပေါ် စေခြင်းအား ပွင့်ရည်ဟု ခေါ်ပါသည်။ တန်ဖိုး သတ်မှတ်ရာတွင် အခြေခံရသည့် အချက်များ အားလုံးတွင် ပွင့်ရည်သည် အရေးကြီးဆုံး ဖြစ်ပါသည်။ ပွင့်ရည် မရှိသော ပုလဲ များသည် ထွန်းလင်း တောက်ပမှု မရှိဘဲ အရောင်မှိန်နေပါသည်။
၂။ ပုလဲ မျက်နှာပြင် ချောမွေ့ ပြေပြစ်မှု SURFACE QUALITY ။ ပုလဲ တစ်လုံးနှင့် တစ်လုံးမှာ မျက်နှာပြင်၏ အနေအထားပေါ်တွင် မူတည်၍ အရည်အသေးအားဖြင့် မတူညီနိုင်ပါ။ အနာအဆာ ကင်းသော ပုလဲများသည် ရှားပါးမှုကြောင့် အကောင်းဆုံးဟု သတ်မှတ်ခံရပြီး တန်ဖိုးအားဖြင့် ဈေးအလွန်ကြီးပါသည်။ မွေးပုလဲများသည် သက်ရှိ သတ္တဝါမှ ထုတ်လုပ်ရခြင်း ဖြစ်၍ အနာအဆာ တစ်မျိုးမျိုး ရှိနေတတ်ပါသည်။ စက်ရုံမှ ထုတ်လုပ် သကဲ့သို့ စင်းလုံးချောမရနိုင်ပါ။ ထိုအချက်သည်ပင်လျှင် သဘာ၀၏ ထိတွေ့မှု ဖြစ်သောကြောင့် ပုလဲ တစ်လုံးနှင့် တစ်လုံး ရာနှုန်းပြည့် မတူညီနိုင်သဖြင့် ပုလဲကို မြတ်နိုးသူများ တန်ဖိုးထားစရာ ဖြစ်ပါသည်။
၃။ ပုလဲသား အလွှာ၏ အထူအပါး NACRE QUALITY ။ ပုလဲသား အလွှာထုသည် ပွင့်ရည် LUSTRE ဖြစ် ပေါ်စေရန် အခြေခံကျသည့် အချက် ဖြစ်ပါသည်။ ပုလဲသား အလွှာ ထူပါးခြင်းသည် ပုလဲ၏ အရည်အသွေးကို ဆုံးဖြတ်နိုင်ရန် အထောက်အကူ ပြုပါသည်။ ပိုမိုတောက်ပသော ပုလဲ အများစုမှာ ပုလဲသားလွှာ ထူထဲမှု ရှိပြီး ပုလဲသားလွှာ ပါးနေပါက အရောင်မှာ မှိန်ပြီး ဖြူသော အရောင်အဆင်း ရှိနေပါသည်။ ပုလဲသားလွှာ ပါးနေပါက ပုလဲ၏ တန်ဖိုး ကျဆင်းနိုင်ပါသည်။ ပုလဲသားလွှာ ထူမှသာ ရာစုနှစ်များစွာ ခိုင်ခံ့နေပြီး ဆွဲဆောင်မှု ရှိသည့် အသွင်အပြင်ကိုလည်း ထိန်းထား နိုင်ပါသည်။ ပုလဲသားလွှာ ထူသည့် ပုလဲတိုင်းသည် တူညီသော ပွင့်ရည် မရှိနိုင်ပါ။ ပုလဲသားလွှာများ အတွင်း အလင်းဖောက်ထွင်း ၀င်ရောက်နိုင်မှုနှင့် ပုလဲသား အလွှာ အထပ်လေးများ အစီအစဉ် ကျနစွာ တည်ရှိနေမှုတို့ပေါ် မူတည်၍ ပွင့်ရည် မတူညီမှုကို ဖြစ်စေပါသည်။
၄။ အရွယ်အစား SIZE ။ တောင်ပင်လယ် ပုလဲများသည် အရွယ်အစား ကြီးသော ပုလဲများ ဖြစ်ပါသည်။ ပုလဲတစ်လုံးသည် သူ့အမျိုးအစားနှင့် သူ ရှိရမည့် အရွယ်ထက် ပိုမို ကြီးမားနေမည် ဆိုပါက ထိုပုလဲ၏ မက်မောဖွယ် ကောင်းသော ရှားပါးသည့် အရည်အသွေး ( Rarity ) ကြောင့် အမျိုးတူ ပုလဲများထက် တန်ဖိုး အားဖြင့် ပိုမို မြင့်မားလာမည် ဖြစ်ပါသည်။
၅။ ပုံသဏ္ဌာန် SHAPE ။ ပုလဲ၏ ပုံသဏ္ဌာန် အပေါ် မူတည်၍လည်း တန်ဖိုးကို ဆုံးဖြတ်ပါသည်။ လုံး၀န်းသော ပုလဲများသည် တန်ဖိုး အမြင့်ဆုံး ရရှိနိုင်ပါသည်။
၆။ အရောင် COLOUR ။ တောင်ပင်လယ် ပုလဲ၏ အခြေခံအရောင်အဖြစ် ငွေရောင်နှင့် ရွှေရောင်ဟု နှစ်ရောင်သတ်မှတ်ပါသည်။
အခြေခံအရောင်ပေါ်တွင် ထပ်မံစိုးမိုးပြီး ရောယှက်ဖြစ်ပေါ်နေသော အရောင်ကွဲ များမှာ ပန်းရောင်၊ ရွှေအိုရောင်၊ ရွှေဝါရောင်နှင့် နို့နှစ်ရောင်တို့ ဖြစ်ပါသည်။ သက်တန့် ရောင်စဉ်ကဲ့သို့ မျက်နှာပြင်တွင် ရောင်စုံ ဖြာထွက်နေသော ပုလဲများသည် ဈေးအမြင့်ဆုံး ရစေသည်။
၇။ တူညီ လိုက်ဖက်မှု MATCHING ။ ပုလဲ တစ်လုံးနှင့် တစ်လုံး တိကျစွာ တူညီနိုင်ခြင်း မရှိပါ။ တူညီ လိုက်ဖက်မှုသည် လည်ဆွဲ သွယ်တန်းရာတွင် လည်းကောင်း၊ ပုလဲ တစ်လုံးထက် ပိုမိုသော လက်၀တ် ရတနာ များ စီခြယ်ရာတွင် လည်းကောင်း၊ အထောက်အကူ ပြုသည်။ တူညီ လိုက်ဖက်မှု ရှိသည့် ပုလဲ တစ်လုံးစီကို ညီမျှသော အကျိုး ကျေးဇူး ဖြစ်ပေါ် လာအောင် ဖန်တီး ယူနိုင်မည် ဆိုလျှင် ထိုကဲ့သို့ တူညီ လိုက်ဖက်မှုကို MATCHING ဟု ခေါ်ပါသည်။
ပုလဲ မျိုး ၈-ပါး
ဟတၳိကုမ္ဘံ- ဆင်ဦးကင်း၌ဖြစ်သော ပုလဲ၊ ရွှေရောင်အဆင်း၊
၀ရာဟဒါဌံ- ၀က်စွယ်၌ဖြစ်သော ပုလဲ၊ ၀က်စွယ်အဆင်း၊
ဘူဇင်္ဂ သီသံ- မြွေဦးခေါင်း၌ဖြစ်သော ပုလဲ၊ စိမ်းညိုတောက်ပသည်၊
၀လာဟကံ- တိမ်တိုက်၌ဖြစ်သော ပုလဲ၊ နတ်သုံး ရတနာမျိုး၊ အလွန်လင်း၏၊
သငေ်္ခါ- ခရုသင်း၌ဖြစ်သော ပုလဲ၊ ၎င်းင်း အဆင်းရောင်ရှိ၏၊
သိပ္ပိ- ယောက်သွား၌ဖြစ်သော ပုလဲ၊ အဆင်းရောင်အထူးထူးရှိ၏၊
ေ၀ဠု- ဝါး၌ဖြစ်သော ပုလဲ၊ သပျစ်သီးစိမ်းရောင်အဆင်းရှိ၏၊
မစၦ သိရော- ငါးဦးခေါင်း၌ဖြစ်သော ပုလဲ၊ ငါးဖယ်ကျောက်ကုန်း အဆင်းရှိ၏၊
ဣတိ-ဤသို့ဆိုတိုင်း၊ မုတ္တ ယောနိယော-ပုလဲမျိုးတို့သည်၊ အဋ္ဌ-ရှစ်မျိုးရှိကုန်၏။
Credit: မြန်မာ့ရေပြင်မှ ပုလဲများ