ဘယ်လို စေ့စပ်လက်စွပ်မျိုးကို ရွေးချယ်၀ယ်ယူသင့်လဲ ?
ကဲ သင့်ရဲ့ချစ်သူကောင်မလေးကို လက်ထပ်ခွင့်တောင်းဖို့ဆုံးဖြတ်လိုက်ပြီဆိုပါစို့။ အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုကို
သင်ချလိုက်နိုင်ပါပြီ။ ရှေ့ဆက်ပြီး မင်္ဂလာဆောင်ပြီးတဲ့အထိ လုပ်ဆောင်ရမယ့် အရာတွေရှိနေပါသေးတယ်။ ထိုအရာတွေထဲကမှ သင်နဲ့သင့်ချစ်သူကောင်မလေးတို့နှစ်ယောက်အတွက် စေ့စပ်လက်စွပ်ကို ဘယ်လိုပုံစံ၊ ဘယ်လိုအမျိုးအစား၊ ဘယ်လိုဈေးနှုန်း တွေထဲက ၀ယ်ယူမယ်လို့ဆုံးဖြတ်ထားပါသလဲ။
စေ့စပ်လက်စွပ်ရွေးချယ်၀ယ်ယူတဲ့နေရာမှာ အရေးအကြီးဆုံးဖြစ်တဲ့ အချက် (၃) ချက်ကိုဖော်ပြပေးချင်ပါတယ်။ အဲ့ဒါတွေကတော့ –
(၁) ဘယ်လောက်တန်တဲ့ စေ့စပ်လက်စွပ်ကိုရွေးချယ်၀ယ်ယူမလဲ ?
(၂) ရွေးချယ်၀ယ်ယူစရာ အမျိူးအစားဘယ်နှခုရှိမလဲ ?
(၃) အဆိုပါအမျိုးအစားတွေထဲကမှ ဘယ်လိုလက်စွပ်မျိုးကိုရွေးချယ်၀ယ်ယူမလဲ ?
(၁) ကျွန်တော်တို့ထင်ထားသလို စေ့စပ်လက်စွပ်ရဲ့ရာဇ၀င်ဟာ ရင်ခုန်စရာမကောင်းခဲ့ပါဘူး။ ရှေးယခင်က ရောမလူမျိုးတွေဟာ စေ့စပ်လက်စွပ်ကို ပိုင်ဆိုင်မှုပြသငေ်္ကတ တစ်ခုအဖြစ်သာအသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ ၂၀ ရာစုကိုလွှမ်းမိုးချုပ်ကိုင်ထားနိုင်ခဲ့တဲ့ DeBeers ဆိုတဲ့စိန်ကုန်သည်လုပ်ငန်းရှင်ကြီးများအဖွဲ့ဟာ “ သင့်ရဲ့၀င်ငွေ ၂ လစာကို စေ့စပ်လက်စွပ်၀ယ်ယူတဲ့နေရာမှာအသုံးပြုသင့်တယ် “ လို့ အကြံဉာဏ်ပေးဖူးခဲ့ပါတယ်။ သို့ပေမယ့် စေ့စပ်လက်စွပ်ရွေးချယ်၀ယ်ယူရာမှာ အရေးအကြီးဆုံးအချက်က သင့်နဲ့ သင့်ဇနီးလောင်းရဲ့နှစ်ဦးသဘောတူဆုံးဖြတ်ချက်သာဖြစ်ပါတယ်။ စေ့စပ်လက်စွပ်ရွေးချယ်၀ယ်ယူရာမှာ သတို့သားနဲ ့သတို့သမီးလောင်းတို့ရဲ့ဆုံးဖြတ်ချက်အပေါ်မှာသာ လုံး၀မူတည်နေတာဖြစ်တဲ့အတွက် သူများပြောစကားကိုနားမယောင်ဖို့လည်းလိုပါတယ်။ “ ဒီလက်စွပ်လေးကတော့လှလိုက်တာ ၀ယ်သင့်တယ်’’ ၊ “ ဒီလက်စွပ်ကတော့ ဈေးကြီးတယ် မ၀ယ်သင့်ဘူး’’ ဆိုတဲ့ ဘေးပြောစကားများဟာ သင်တို ့နှစ်ဦးရဲ့ဆုံးဖြတ်ချက်ကိုေ၀ဝါးသွားစေနိုင်တာကြောင့်ပဲဖြစ်ပါတယ်။
(၂) ဒါကြောင့် စေ့စပ်လက်စွပ်ရွေးချယ်၀ယ်ယူတဲ့နေရာမှာ နှစ်ဦးစလုံးအတွက် အဆင်ပြေမယ့် တန်ဖိုးဖြစ်ဖို့နဲ ့အဆင်ပြေမယ့် ဒီဇိုင်းဖြစ်ဖို ့အရေးကြီးပါတယ်။ ပိုက်ဆံအကုန်အကျမခံဘဲ သင့်မိသားစုဘိုးဘွားပိုင်လက်စွပ်ကို စေ့စပ်လက်စွပ်အဖြစ်အသုံးပြုမလား၊ အပတ်စဉ်တိုင်း အတွက် ပိုငွေတွေကို တစ်နှစ်တာခန့်စုထားပြီး စေ့စပ်လက်စွပ်၀ယ်မလား၊ အကြွေး၀ယ်ကတ်ပြား သုံး ခုကိုတစ်ပြိုင်တည်းအသုံးပြုပြီး သင်တတ်နိုင်တဲ့ပိုက်ဆံနဲ ့အမြင့်ဆုံးစိန်လက်စွပ်ကို၀ယ်ပြီး စေ့စပ်လက်စွပ်အဖြစ်အသုံးပြုမလားဆိုတာကတော့ သင်တို့ချစ်သူနှစ်ဦးအပေါ်မှာသာမူတည်ပါတယ်။ စေ့စပ်လက်စွပ်ဆိုတာကတော့ ချစ်ခြင်းကိုသက်သေတည်တဲ ့ပြယုဂ်တစ်ခုပဲဖြစ်ပါတယ်။ စေ့စပ်လက်စွပ်၀ယ်ဖို့အတွက် သင်၀ယ်ချင်တဲ့ ပစ္စည်းတွေကိုမ၀ယ်ယူဘဲ အနစ်နာခံလိုက်ရတယ်ဆိုတာ ဖြစ်လေ့ရှိတဲ့ထုံးစံပါပဲ။ သို့ပေမယ့် တန်ဖိုးအရမ်းကြီးမားတဲ့ စေ့စပ်လက်စွပ်ကို ၀ယ်ယူဖို့အတွက် သင့်ကိုယ်သင် အကြွေးနွံထဲ နှစ်အတန်ကြာ နစ်မြှုပ်ခံလိုက်ရတယ်ဆိုတာမျိုးတော့မဖြစ်သင့်ပါဘူး။
(၃) စေ့စပ်တဲ့ပုံစံတွေကတော့ တစ်နိုင်ငံနဲ ့တစ်နိုင်ငံမတူညီကြပါဘူး။ အချို့မြောက်ဥရောပနိုင်ငံတွေမှာ စေ့စပ်ရာမှာ ရိုးရှင်းတဲ့ လက်ပတ်ဆင်တူလေးတွေကို ၀တ်ဆင်ကြပြီး၊ ဥရောပနိုင်ငံ အချို့မှာတော့ တန်ဖိုးအသင့်အတင့်ရှိတဲ့ ကျောက်မျက်ရတနာတွေကို စေ့စပ်ရာမှာ၀တ်ဆင်ကြပါတယ်။ တရုတ်နိုင်ငံမှာတော့ ပိုက်ဆံ (သို့မဟုတ်) အခြားကုန်ပစ္စည်းတွေကို စေ့စပ်ရာမှာ လဲလှယ်ကြပါတယ်။ နိုင်ငံတကာမှာ ကျောက်မျက်ရတနာအမျိုးမျိုးကို စေ့စပ်လက်စွပ်အဖြစ် အသုံးပြုကြပါတယ်။ ရွှေ၊ ငွေ၊ စိန်၊ ပလက်တီနမ်၊ ကျောက်စိမ်း၊ နီလာ၊ ပတ္တမြား၊ ဥဿဖရား အစရှိသဖြင့် အသုံးပြုကြတာဖြစ်ပါတယ်။ ကျွန်တော်တို ့မြန်မာနိုင်ငံမှာတော့ ရွှေ၊ စိန် နဲ ့ပလက်တီနမ်တို့ကို စေ့စပ်လက်စွပ်အဖြစ်အများဆုံး၀တ်ဆင်ကြလေ့ရှိပါတယ်။ စေ့စပ်လက်စွပ်အမျိုးအစားအများကြီးထဲက ရွေးချယ်၀ယ်ယူရာမှာ ကိုယ်နဲ့စေ့စပ်မယ့် ချစ်သူမိန်းကလေးရဲ့အကြိုက်ကိုသိထားဖို့လိုပါတယ်။ မိန်းကလေးအများစုက စိန်လက်စွပ်ကိုကြိုက်နှစ်သက်ကြတယ်ဆိုပေမယ့် အကုန်လုံးတော့လည်း မဟုတ်ပါဘူး။ ကိုယ်နဲ ့စေ့စပ်မယ့် မိန်းကလေးက စိန်လက်စွပ်သဘောကျပေမယ့် ကိုယ်က စိန်လက်စွပ်၀ယ်ဖို့အတွက် မတတ်နိုင်သေးတဲ့အခြေအနေဆိုရင်တော့ ညှိနှိုင်းဖို ့လိုလာပါပြီ။ အချို့အမျိုးသားတွေက ကိုယ့်ချစ်သူမိန်းကလေးကြိုက်နှစ်သက်တဲ့ လက်စွပ်အမျိုးအစား၀ယ်ဖို့မတတ်နိုင်သေးသရွေ့စေ့စပ်ပွဲကို ရွှေ ့ဆိုင်းထားချင်ကြတာမျိုးလည်းရှိပါတယ်။ ဒီလိုအခြေအနေဆိုရင် သင့်ချစ်သူမိန်းကလေးက စိန်ကလွဲပြီးဘယ်လို ကျောက်မျက်ရတနာမျိုးကို သဘောကျသေးလဲ၊ ဒါမှမဟုတ် သင်တို့နှစ်ယောက်ကြားက အမှတ်တရရှိခဲ့ဖူးတဲ့ ကျောက်မျက်ရတနာတစ်ခုခု ကိုသင်စဉ်းစားဖို့လိုလာပါပြီ။ ဒီလိုအချက်တွေလည်း သင်မသိဘူးဆိုရင်တော့ ချစ်သူမိန်းကလေးကို အမြန်ဆုံးဖွင့်ပြောတိုင်ပင်ညှိနှိုင်းပြီး နှစ်ဦးစလုံးအတွက် အဆင်ပြေစေမယ့် စေ့စပ်လက်စွပ်မျိုးကို ရွေးချယ်၀ယ်ယူသင့်တယ်လို့အကြံဉာဏ်ပေးလိုက်ပါရစေ။
Author – Nyi Min Khant